၁. စတင်ခြင်း
Laura က အရှေ့ကနေ ခပ်သုတ်သုတ်သွားနေသည်..
အဆမတန်ခုန်နေတဲ့ရင်ကို ငြိမ်အောင်ထိန်းရင်း လက်ထဲက လက်ပ်တော့တွေ ဖိုင်တွဲတွေ ပြုတ်မကျအောင်လည်း ကိုင်နေရသဖြင့် မြန်သင့်သလောက် မြန်မြန်မလျှောက်နိုင်သော ဒါရည့် ကိုလည်း စိတ်မရှည်သလို လှည့်လှည့်ကြည့်သေး၏.. တကယ်တော့ ဒါရည် က အရမ်းစိတ်လှုပ်ရှားပြီး ဒူးတွေတုန်နေလို့ လမ်းဖြောင့်ဖြောင့် မလျှောက်နိုင်တာကို သူမှမသိဘဲ..
“Dari နင် မြန်မြန်လျှောက်မှရမယ် ဆိုနေမှပဲ.. နောက်ကျနေပြီလို့ ငါပြောနေတာကို”
“လျှောက်ပါ့မယ်.. ငါ အရမ်းစိတ်လှုပ်ရှားနေလို့ လော်ရာရဲ့.. နင် အရင်သွားနှင့်ပြီး နှုတ်ဆက်နှင့်ပါလား ငါနောက်က ပါလာပါ့မယ်”
“အေး အေး.. ဒါဆိုလည်း ငါသွားနှင့်ပြီး နည်းနည်းပါးပါး ပြင်ဆင်စရာရှိတာ ကြိုပြင်ဆင်ထားလိုက်မယ်”
ပြောရင်း လျှောက်ရင်းနှင့်ပင် လော်ရာက ရှေ့တော်တော်ဝေးဝေးကို ရောက်သွားပါသည်.. ဒါရည်ကတော့ အလွန်ကြီးမားသော Tide ရုံးအဆောက်အဦကြီးကိုလည်း ငေးမောမနေအား.. ရှည်လျားသော စင်္ကြန်လမ်း တစ်လျှောက်မှာ ချိတ်ထားတဲ့ သူတို့ ပုံအကြီးကြီးတွေကိုလည်း မော့မကြည့်အားဘဲ သူတို့နှင့် လူချင်းတွေ့လျှင် အသံမတုန် မျက်ရည်မဝဲဘဲ စိတ်အေးအေးစကားပြောနိုင်ဖို့.. အသည်းယားပြီး ထ မအော်မိစေဖို့ ကိုယ့်ဘာသာ စိတ်ထဲက ကြိတ်သတိပေးရင်း ခြေလှမ်းကို ပိုပြီး သွက်သွက်လှမ်းနေရသည်..
ဒါရည်ရင်တုန်မယ်ဆိုလည်း တုန်စရာပါပင်.. အခုတွေ့ရမည့် လူတွေက နှယ်နှယ်ရရလူတွေမဟုတ်.. ကိုရီးယားမှာတင်မက ကမ္ဘာတဝှန်းလုံးမှာ အောင်မြင်ထင်ရှားနေသည့် ကေပေါ့အဖွဲ့ဖြစ်သည်ကိုး.. ဒါတင်မကသေးဘဲ ဒါရည် ကိုယ်တိုင်က သူတို့ရဲ့ ပရိတ်သတ်ဖြစ်လေတော့ သူတို့ကို တွေ့သည့်အခါ စိတ်လှုပ်ရှားပျော်ရွှင်ပြီး အိန္ဒြေမရဖြစ်မိမှာကို စိုးရိမ်နေမိသည်.. ‘စိတ်ထိန်းစမ်း သဒ္ဓါရည်ရယ်.. နင်အခု သူတို့နဲ့တွေ့ရမှာက အရမ်းအရေးကြီးတဲ့ အလုပ်ကိစ္စဆိုတာ သတိရစမ်း ပရော်ဖက်ရှင်နယ်လ် ပီသစမ်း..’.. ကိုယ့်ဘာသာ စိတ်ထဲက ကြိတ်ဆုံးမရင်း ဒါရည်လည်း အစည်းဝေးကျင်းပမည့် အခန်းထဲသို့ ရောက်လာခဲ့သည်.. လော်ရာကတော့ စိတ်မြန်လက်မြန်ပင် ဖတ်ရမည့် လုပ်ငန်းအစီအစဉ် ဖိုင်တွဲများကို စားပွဲပေါ်သို့ ခုံနေရာတစ်ခုစီ လိုက်တင်နေပြီ..
ဒါရည်ကလည်း ခပ်သွက်သွက်ပင် ကွန်ပျူတာကို ဖွင့်ပြီး ပရိုဂျက်တာနှင့်ချိတ်ဆက်ရင်း ပြရမည့် ဗီဒီယိုဖိုင်များ၊ ရှင်းလင်းချက်များနှင့် ရုပ်ပုံများကို ပြန်လည်စစ်ဆေးနေလိုက်သည်..
“အိုး လော်ရာ.. ခင်ဗျားတို့ရောက်နေကြပြီပဲ”
အသံကြားသဖြင့် မော့ကြည့်လိုက်တော့ Tide ကုမ္ပဏီ၏ CSR လုပ်ငန်းများကို တာဝန်ယူရသူ မစ္စတာ လီယောင်စူးနှင့် သူ၏ လက်ထောက်တို့ ဝင်လာကြတာတွေ့ရသည်.. လော်ရာက ထုံးစံအတိုင်း အပြုံးချိုချိုဖြင့် အနားကပ်သွားကာ လက်ဆွဲနှုတ်ဆက်လိုက်သည်.. အမေရိကန်သူ လော်ရာက ပုံမှန်ထက်ပိုပြီး ရှည်လျားသွယ်လျသူဖြစ်ကာ မစ္စတာလီယောင်စူးက ပုံမှန်ထက် အနည်းငယ်ပုသူ ဖြစ်လေတော့ လော်ရာက ခါးကိုကိုင်းရင်း လိုတာထက်ပိုကာ ရိုကျိုးနေပုံပေါက်နေတာကိုကြည့်ပြီး ဒါရည်ပြုံးစိစိဖြစ်လာမိ၏..
“မစ္စတာလီ.. သူက ကျမရဲ့ လုပ်ဖော်ကိုင်ဖက် သဒ္ဓါရည် ပါ.. ကျမကတော့ သူ့နာမည် အသံထွက်ရခက်လွန်းလို့ Dari လို့ပဲ ခေါ်တယ်.. အခု ဒီပရောဂျက်ကို ခေါင်းဆောင်မှာက သူလေ”
“အားးး ဟုတ်ပြီ.. Dari-shi.. လော်ရာက ခင်ဗျားအကြောင်းတွေ တချိန်လုံးပြောနေတာ.. တွေ့ရတာ ဝမ်းသာပါတယ်.. ဘယ်နေ့က ရောက်သလဲ”
မစ္စတာလီ က အားရဝမ်းသာ ပြောရင်းလက်ဆွဲနှုတ်ဆက်ပြန်သည်.. သူ့ အင်္ဂလိပ်စကားပြောသံက မြန်မြန်ပြောလေ ဝဲလေဖြစ်သဖြင့် မနည်းအားစိုက်နားထောင်ရ၏.. နာမည်အသံထွက်ကလည်း မှားခေါ်သေး..
“တွေ့ရတာ ဝမ်းသာပါတယ် ဌာနမှူး လီ.. ကျမ ကိုရီးယားလို နည်းနည်းပြောတတ်ပါတယ်.. ကျမ မြန်မာကနေ ရောက်တာတော့ တစ်လလောက်ရှိပါပြီ”
“ဟာ သိပ်ကောင်းတယ် ကိုရီးယားလို တတ်တယ်ဆိုလို့ ဝမ်းသာလိုက်တာ.. ကျနော်တို့ ခင်ဗျား အကြံပြုထားတဲ့ ဒီပရောဂျက်ကို စပြီး ဖတ်ရကတည်းက ခင်ဗျားကို တွေ့ချင်နေကြတာ.. လော်ရာ.. သူ ရောက်တာဖြင့် ၁ လပဲရှိသေးတယ် ခင်ဗျားက အလုပ်တွေ အရမ်း စခိုင်းနေတာလား.. သူ စိတ်ရှုပ်ပြီး ပြန်သွားလို့ကျနော်တို့ ဖေးဘရိတ် ပရောဂျက်ကြီး ဆက်လုပ်လို့မရဘဲ ဖြစ်နေပါဦးမယ်ဗျာ”
ဒါရည်က ကိုရီးယားလို ပြောလိုက်သဖြင့် မစ္စတာလီကလည်း ကိုရီးယားလိုတဝက် ပြန်ပြောရင်း လော်ရာ့ဘက်ကို လှည့်ကာ အင်္ဂလိပ်လို ပြောပြန်သည်.. သူတစ်ယောက်ထဲ ဘာသာစကား ၂ မျိုးနဲ့ ရှုပ်နေတာကို ကြည့်ရင်း လော်ရာကပါ မနေနိုင်တော့ဘဲ..
“ကျမလည်း ကိုရီးယားလို သင်ထားပါတယ် ဌာနမှူးလီရေ.. ကျမဖြင့် ကိုရီးယားမှာနေတာပဲ ၇ နှစ်လောက် ရှိနေပြီ တတ်ရတာပေါ့.. ဒါရည် ရောက်တာ ၁ လရှိပေမယ့် ရုံးစတက်တာ ၂ ပတ်ပဲရှိပါသေးတယ်.. ကျမက တန်းမခိုင်းပါဘူး သူကိုယ်တိုင်က ဒီပရောဂျက်ကို ဆောင်းမရောက်ခင် မြန်မြန် စချင်နေလို့ လောနေတာနဲ့ ဒီမီတင်ချိန်းရတာလေ”
“ဟုတ်ပါတယ်.. မီတင်ကို စထားတာ ကောင်းတယ်.. BTX ကလည်း သိပ်မကြာခင် အမေရိက ဂရမ်မီ ပွဲ သွားတက်မှာဆိုတော့ သူတို့မသွားခင် ဒီပရောဂျက်ကို တခါထဲ မိတ်ဆက်ထားတာကောင်းတယ်.. တကယ်တော့ ပုံမှန်ဆို သူတို့က ကျနော်တို့ ဌာနက လုပ်ငန်းကိစ္စတွေအကုန်ပြင်ဆင်ပြီးမှ ပါဝင်ကြတာ.. ဒီတခေါက်ကျတော့ ပရောဂျက်အိုင်ဒီယာကို သူတို့ပါ အရမ်းသဘောကျနေပြီး ကိုယ်တိုင် မီတင်တက်ရင်း အတူတူ ရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေကို ဆွေးနွေးချင်တယ်ဆိုလို့”
“သူတို့တကယ် စိတ်ပါဝင်စားတယ်ဆိုတာ သိရလို့ ကျမက အရမ်းဝမ်းသာတယ် ဌာနမှူးလီ.. မြန်မာရုံးခွဲကနေ ပရောဂျက်ပရိုပိုဆယ်လ်ပို့လာတုန်းက ကျမလည်း အရမ်းသဘောကျသွားပြီး ဌာနမှူးလီတို့ဆီ ပို့ခဲ့တာ.. အတူတွဲလုပ်ဖို့ သဘောတူတယ်ဆိုတာနဲ့ ချက်ချင်းပဲ ဒါရည့်ကို ဒီရုံးချုပ်ကို ရွှေ့ဖို့ စီစဉ်ပြီး ခေါ်လိုက်တာလေ..”
“ဒါရည်က ပရောဂျက်ကို Tide က လက်ခံလိုက်တယ်ဆိုတာသိတော့ အရမ်းဝမ်းသာသွားတာပဲ.. ဒါပေမယ့် Tide မှာက manage လုပ်နေတဲ့ အိုင်ဒေါလ်အဖွဲ့တွေ အများကြီးဆိုတော့ ဘယ်အဖွဲ့နဲ့များလုပ်ဖြစ်ပါလိမ့် လို့ ထင်နေခဲ့တာ.. မနေ့က ဒီ မီတင်ကို အတည်ပြုတော့မှ BTX နဲ့ ဆိုတာ သိရလို့ အရမ်းအံ့ဩသွားတာပဲ”
၃ ယောက်သား ပြောနေသမျှကို ဘာမှဝင်မပြောဘဲ အသာလေးဘေးကရပ်နေသည့် မစ္စတာလီ၏ လက်ထောက်က ..
“အမှန်က အစက စဉ်းစားထားတာက ဒီပရောဂျက်ကို MxM အဖွဲ့နဲ့ လုပ်မလို့.. ဒါပေမယ့် ကျနော်နဲ့ Kim Joon က တခြား အလှူငွေကိစ္စပြောရင်း စကားစပ်မိသွားလို့ ဒီ ပရောဂျက်အကြောင်း ပြောမိတာ သူက ချက်ချင်း စိတ်ဝင်စားသွားတာနဲ့ နောက်ဆုံးသူတို့နဲ့ လုပ်ဖြစ်သွားတာ”
ကင်မ်ဂျွန်း နာမည်ကြားလိုက်ရချိန်မှာ ဒါရည့်စိတ်ထဲ ဒိတ်ခနဲ ခုန်သွားသည့် ခဏမှာပင် အခန်းတံခါးပွင့်လာပြီး Tide ၏ စီအီးအို Mang PD နှင့်အတူ တခြားသော မန်နေဂျာများ လက်ထောက်များစွာ ခြံရံရင်း သူတို့ ဝင်လာပါလေ၏..
ဘယ်လောက်ပဲ စိတ်ကိုကြိုတင်ပြင်ဆင်ထားသည်ဖြစ်စေ.. သူတို့တွေ အခန်းထဲဝင်လာကြသည့် အခိုက်အတန့်မှာ တစ်လောကလုံးရှိသမျှ အရာအားလုံး ငြိမ်သက်ရပ်တန့်သွားသလို.. ကောင်းကင်ဘုံက အလင်းတန်းကြီးပဲ ဖြာဆင်းလာသလို.. အရာအားလုံး လတ်ဆတ်မွှေးမြနေသလို ခံစားချက်များ ဒါရည့် ဆီ ပြေးဝင်ရောက်လာကြသည်.. ဒါရည် သဘောကျ အားပေးရသော အနုပညာရှင် အိုင်ဒေါလ်များနဲ့ အခုလို အခန်းတစ်ခန်းထဲမှာ ဆုံရသည်ကို မယုံနိုင်စွာ.. တကယ်မှ ဟုတ်ရဲ့လားလို့ စိတ်လှုပ်ရှားစွာ တွေးမိနေ၏.. သို့သော် ဒါဟာ အိပ်မက်မဟုတ်ဘူး.. တကယ်ပါပဲ.. သူတို့ အသီးသီး ဝင်လာကြရင်း တစ်ခန်းလုံးရှိလူအားလုံးကို ခြုံငုံကာ ခေါင်းညွှတ် နှုတ်ဆက်ရင်း ခုံတွေမှာ ဝင်ထိုင်ကြသည်.. ဒါရည်လည်း လော်ရာ့ဘေးမှာ အသာလေးဝင်ထိုင်လိုက်ရင်း တဒိတ်ဒိတ်ခုန်နေသော ရင်ကို မသိမသာ ဖိထားရပါ၏..
“ကျနော်တို့ နည်းနည်းလေး နောက်ကျသွားတာ ဆောရီးပါ.. လာခါနီးမှ Min Ji က ဗိုက်နည်းနည်းအောင့် နေတယ်ဆိုလို့ မလိုက်နိုင်တာနဲ့ နည်းနည်း ဟိုလုပ်ဒီလုပ် နောက်ကျသွားတယ်”
အဖွဲ့ခေါင်းဆောင် ကင်မ်ဂျွန်း၏ အသံဩဩချိုချိုလေးဖြင့် စတင်စကားပြောသံကို ကြားလိုက်ရချိန် ကြည်နူးစိတ်များဖြင့် ခေါင်းမော့ကြည့်လိုက်သော ဒါရည့် အဖို့ မင်းဂျီ နေမကောင်းဘူးဟူသော စကားသံအရောက်တွင် ဒိတ်ခနဲ ရင်ပူသွားရပြန်ပါလေသည်..
အို ဟုတ်သားပဲ.. အခုထိုင်နေကြတာ သူတို့ ၆ ယောက်ထဲပါလား.. ပါးချိုင့်များပေါ်သည်အထိ ပြုံးလျက်ရှိနေသော အဖွဲ့ခေါင်းဆောင် Kim Joon, အဖွဲ့ထဲအသက်အကြီးဆုံး အကိုကြီးဖြစ်သူ Tim, မပြုံးမရယ် ခပ်တည်တည်နှင့် အာရုံစူးစိုက်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် Agust, ထုံးစံအတိုင်း ပြုံးရယ်ကြည်ရွှင်ရင်း တစ်ခန်းလုံးကို အရောင်အဝါဖြန့်နေသလို ဖြစ်စေသည့် Sunshine, ကမ္ဘာ့ရုပ်ရည်အပြေပြစ် အချောမောဆုံး ဆုရထားသည့် K နဲ့ အငယ်ဆုံးလေး Jung Hoon.. ၆ ယောက်စလုံးသည် ကိုယ်ရောင်ကိုယ်ဝါ တောက်ပလွန်းလျက် ထည်ဝါလျက် ခမ်းနားလျက် သို့သော် ယဉ်ကျေးသောအမူအရာ ချိုသာသော အပြုံးများကိုယ်စီနှင့်.. ကမ္ဘာကျော် အနုပညာရှင်များဆိုသော်လည်း မာန်မာနကင်းသော မျက်ဝန်းများဖြင့် လော်ရာနှင့် ဒါရည်ဘ့က်သို့ ကြည့်ရင်း နောက်ကျသည်ကို တောင်းပန်စကား ဆိုနေလေသည်..
“ကိစ္စ မရှိပါဘူး အလုပ်များကြတဲ့လူတွေဆိုတာ နားလည်ပါတယ်.. မင်းဂျီ-ရှိ နေမကောင်းဘူးဆိုတာ သိရလို့ စိတ်မကောင်းဖြစ်မိပါတယ်.. သူဘယ်လိုနေသေးလဲ သိပ်ဆိုးနေတာလား”
လော်ရာက ကိုရီးယားစကားကို ဖြည်းဖြည်းမှန်မှန်နှင့် ပြောရင်း စကားဝိုင်းကို စလိုက်ပါသည်..
“အရမ်းမဆိုးပါဘူး.. ဒီတလော အလုပ်များပြီး ပင်ပန်းလို့ဖြစ်မယ်.. နောက်လည်းကျနေတာဆိုတော့ ကျနော်တို့ စ လိုက်ကြမလား”
Agust က ခပ်အေးအေးဝင်ပြောရင်း အချိန်သိပ်မရကြောင်းလည်း တစ်ဖက်လှည့်နဲ့ သတိပေးသဖြင့် လော်ရာနှင့် ဒါရည်က အလုပ်ကိစ္စကို စတင်ပြောဖို့ ပြင်ဆင်လိုက်ရသည်.. လော်ရာက ကွန်ပျူတာကိုဖွင့်လိုက်ရင်း စတင်မိတ်ဆက်လိုက်၏..
“ဒါဆို စပြီး ပြောလိုက်ပါတော့မယ်.. ပရောဂျက်နဲ့ ကျမ တို့ ရုံးအကြောင်း အကျဉ်းချုပ်ကို မီတင်မတိုင်ခင်လည်း ပို့ထားတော့ အရမ်းအသေးစိတ်တော့ မပြောတော့ပါဘူး.. ကျမတို့က Wildlife Funding Organizations လို့ ခေါ်တဲ့ WFO ဆိုတဲ့ NGO ဖြစ်ပါတယ်.. ကျမတို့ ရုံးချုပ်ကတော့ ဂျနီဗာမှာ ရှိပြီးတော့ အခု အာရှမှာတော့ ကိုရီးယားရုံးခွဲနဲ့ မြန်မာမှာလည်း ရုံးအသေးရှိပါတယ်..
အခု Tide နဲ့ပူးပေါင်းပြီး လုပ်ဆောင်မယ့် ဒီ Adopt Your Soulmate ပရောဂျက်ကိုတော့ ကျမရဲ့ မြန်မာပြည်က လုပ်ဖော်ကိုင်ဖက်က စတင်ပြီး အိုင်ဒီယာထုတ်ပြီး လုပ်ငန်းအစီအစဉ်ရေးဆွဲခဲ့ပါတယ်.. ပရောဂျက်ကို ငွေထောက်ပံ့ပြီး အတူပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ အတည်ပြုချက်ရပြီးနောက်မှာ သူ့ကို ကျမတို့က ဒီပရောဂျက်ခေါင်းဆောင် အဖြစ် အလုပ်လုပ်ကိုင်ဖို့ ကိုရီးယားရုံးခွဲဆီ ရွှေ့ပြောင်းခေါ်ယူခဲ့ပါတယ်..
သူကတော့ အခု ဒီမှာ ထိုင်နေတဲ့ သဒ္ဓါရည် ဖြစ်ပါတယ်.. ကျမကတော့ သူ့ကို Dari လို့ ခေါ်ပါတယ်.. သူကပဲ ဆက်ပြီးတော့ ပရောဂျက်အသေးစိတ်ကို ဆက်ရှင်းလင်းပြမှာ ဖြစ်ပါတယ်” ..
လော်ရာ့ မိတ်ဆက်စကားအပြီးတွင် ဒါရည်သည် ခေါင်းအေးအေးစိတ်အေးအေးထားပြီး မိမိ ကိုယ်တိုင် ပင်ပန်းကြီးစွာ အချိန်အများကြီးအကုန်ခံလျက် ရေးဆွဲထားသည့် ပရောဂျက်အကြောင်း ရှင်းလင်းပြောပြဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်လေသည်.. ယခုအချိန်မှာတော့ ဒါရည့် အတွက် သူတို့သည် ရူးသွပ်ခဲ့ရသော အနုပညာရှင်များအနေဖြင့် မဟုတ်တော့ဘဲ လုပ်ငန်းအကြောင်း နားလည်အောင် ရှင်းလင်းပြရမည့် ငွေထောက့်ပံ့လိုသူ အလှူရှင်များသာဖြစ်ကြတော့သည်.. အလုပ်အကြောင်း အရေးကြီးသည်ကို ခေါင်းထဲထည့်လိုက်သောအခါ ခုန်နေသော ရင်များလည်း ငြိမ်သွားလျက် အလုပ်အပေါ်သာ အာရုံစူးစိုက်မိရင်း စကားကို စလိုက်ပါသည်..
“မင်္ဂလာပါ.. ကျမ နာမည် သဒ္ဓါရည် ပါ”
* * * * * * * * * * * *

Comments
Post a Comment